အိမ်ခြံမြေအငှားဈေးကွက် နှုန်းအမြင့်များနှင့် အလုပ်ဖြစ်နေ

Page View : 1,324
News Type : Property

မိုးညို

ရန်ကုန်၊ နိုဝင်ဘာ-၃

အတွဲ (၁၂)၊ အမှတ်(၃၅)

ရန်ကုန်မြို့တွင်းပိုင်း၌ အိမ်ခြံမြေအရောင်းအ၀ယ်နည်းပါးနေချိန်တွင် အငှားဈေးကွက်မှာ အမြင့်ဈေးများဖြင့် အလုပ်ဖြစ်နေကြောင်း အိမ်ခြံမြေအကျိုးဆောင်များကဆိုသည်။

အစိုးရ၏ တစ်ပေပတ်လည် စံနှုန်းသတ်မှတ်ချက်ကြောင့် အိမ်ခြံမြေအရောင်းအ၀ယ်မှာ အောက်တိုဘာတစ်လလုံး အနည်းငယ်သာဖြစ်ခဲ့ပြီး အငှားဈေးကွက်မှာ တိုက်ခန်းများတွင် အများဆုံးဖြစ်နေကြောင်း ကြယ်စင်အိမ်ခြံမြေအကျိုးဆောင် ဦးစိုးနိုင်ကပြောသည်။

အထူးသဖြင့် လူနေထိုင်ရန်အတွက်မဟုတ်ဘဲ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန်အတွက် ငှားရမ်းမှုများပြားနေကြောင်း သိရသည်။ “ဟန်းဆက်ဆိုင်တို့၊ လျှပ်စစ်ပစ္စည်းဆိုင်တို့ဖွင့်ဖို့ ခဏခဏ လာမေးနေကြတယ်။ ရန်ကုန်မြို့တွင်းပိုင်းမှာက အခန်းရှားလာပြီ။ ဈေးကလည်း မနှစ်ကထက်စာရင် နှစ်ဆလောက်ကွာသွားတယ်”ဟု ဦးစိုးနိုင်ကပြောသည်။

ထို့ကြောင့် မြို့တွင်းပိုင်း၌ အခန်းရှားပါးလာမှုကြောင့် ငှားရမ်းသူအချို့က ကမာရွတ်၊ လှိုင်၊ မရမ်းကုန်းမြို့နယ်တို့တွင် ဆိုင်ခန်းများဖွင့်လှစ်ရန်အတွက် ငှားရမ်းမှုနှုန်း အလွန်များပြားလာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ “အညာဘက်ကသူတွေ နှစ်ဦး၊ သုံးဦးစုပြီး လက်ဖက်ရည်ဆိုင်ကျယ်ကျယ်တွေ လမ်းမကြီးတွေမှာဖွင့်ဖို့ လာငှားကြတယ်”ဟု လှိုင်မြို့နယ်အခြေစိုက် အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

အများစုမှာ လမ်းမကြီးတန်းများတွင် နှစ်ချုပ်ဖြင့် တစ်လလျှင် ကျပ်ငါးသိန်းမှ သိန်း ၃၀ ၀န်းကျင်အထိ ဈေးကောင်းပေး ငှားရမ်းလုပ်ကိုင်ကြကြောင်း အိမ်ခြံမြေအကျိုးဆောင်များကပြောသည်။

ထို့အပြင် ရန်ကုန်တွင် နိုင်ငံတကာအင်န်ဂျီအိုများ၊ အဖွဲ့အစည်းများ၊ စီးပွားရေးအရ လာရောက်ရင်းနှီးမြှုပ်နှံနေထိုင်လိုသူ အများစုကလည်း ရုံးခန်းဖွင့်ရန်နှင့် နေထိုင်ရန် ငှားရမ်းရာတွင် ဈေးနှုန်းလွန်စွာကြီးမြင့်နေသဖြင့် ငှားရမ်းလုပ်ကိုင်ရန် အခက်အခဲအချို့ဖြစ်ပေါ်နေကြောင်း International Business Time သတင်းစာက ရေးသားဖော်ပြထားသည်။

ရန်ကုန်တစ်မြို့လုံး၌ ဆင်ခြေဖုံးများမှလွဲပြီး ကျန်မြို့နယ်အများစုတွင် လူနေထိုင်ရန် တိုက်ခန်းငှားရမ်းလာမှုလည်း အောက်တိုဘာလလယ် ၀ါကျွတ်ချိန်မှစ၍ ငှားရမ်းမှုနှုန်း များပြားလာကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုအသင်း ပြန်ကြားရေးတာဝန်ခံကဆိုသည်။

မင်္ဂလာတောင်ညွှန့်၊ တာမွေမြို့နယ်တို့တွင် ယခင်နှစ်ကထက်စာလျှင် ဈေးနှုန်းမြင့်တက်လာသော်လည်း ငှားရမ်းသူနည်းပါးနေသေးပြီး ကြည့်မြင်တိုင်၊ လှိုင်၊ စမ်းချောင်း၊ အလုံ၊ မရမ်းကုန်းမြို့နယ်တို့တွင်မူ ဈေးနှုန်းများမြင့်တက်လာပြီး ငှားရမ်းမှုနှုန်းမြင့်တက်လာကြောင်း ရပ်ကွက်ပွဲစားများကပြောသည်။

“တာမွေဘက်မှ တိုက်တွေများပေမဲ့ နေချင်တဲ့သူက အဲဒီဘက်တွေ သိပ်မမေးဘူး။ အခုအများဆုံးမေးနေတာ သမိုင်းဘက်တွေပဲ။ အဲဒီဘက်မှာ ပေကျဉ်းကျဉ်းလေးတွေက သောင်းဂဏန်းနဲ့ ရနိုင်တဲ့ အခန်းတွေရှိသေးတယ်”ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦးကဆိုသည်။

ဝါကျွတ်ကာလတွင် အငှားဈေးကွက် အမြင့်ဆုံးဖြစ်နေခြင်းမှာ ငှားရမ်းနေထိုင်လိုသူ အလွန်များပြားခြင်းကြောင့်ဖြစ်ပြီး နိုဝင်ဘာလကုန် ဒီဇင်ဘာလတွင် ယင်းဈေးနှုန်းများမှာ အနည်းငယ် ပြန်လည်ကျဆင်းတတ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်များက သုံးသပ်ကြသည်။

 

http://www.7daynewsjournal.com/article/12530


Post on : 25/11/2556 21:17